ပေါင်းတည် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)ပညာရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအေးကျော်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖော၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအာဂျူး၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ အခြေခံပညာထက်/လယ်/မူ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘမိဘပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားကို အ.ထ.က(မင်းကွက်)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် စုပေါင်းသံပြိုင်သီဆို ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်ကအဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ရည်မှန်းချက်ထား၍ ပညာရေးကိုအလေးအနက်ထား သင်ယူကြစေလိုကြောင်း၊ အမိနိုင်ငံတော်အား အသိပညာ၊ အတတ်ပညာ၊ နည်းပညာများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် ယနေ့ကျောင်းသား ကျောင်းသူများအနေဖြင့်ပညာတတ်မြောက်ရန် အထူးလိုအပ်ကြောင်း၊ ကျောင်းစာသာမက အကျိုးရှိစေမည့် ဗဟုသုတရရှိစေသော စာကောင်းပေမွန်များကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်း၊ အနာဂတ်အတွက် ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးစေရန် သင်ကြားသင်ယူပေးစေလိုကြောင်းတို့ကို မှာကြားသည်။ ဆက်လက်၍ခရိုင်ပညာရေးမှူးကိုယ်စား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုးကလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောကလည်းကောင်း ယနေ့အထိ ကျောင်းနေအရွယ် ၉ဝ ရာခိုင်နှုန်းကျော်ကျောင်းအပ်လက်ခံရရှိမှု အခြေအနေ၊ ကျောင်းသားကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခမဲ့ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးတို့က လက်ခံရယူခဲ့သည်။
အဆိုပါ အခမဲ့ပစ္စည်းများတွင် ၁၅၂.၁၆ ကျပ်သန်းတန်ဘိုးရှိ ပုံနှိပ်စာအုပ်များ၊ ၄၆.၂၆ ကျပ်သန်းတန်ဘိုးရှိ ဗလာစာအုပ်များနှင့် ၇၁၅၀၀၀ ကျပ်တန်ဘိုးရှိ အားကစားပစ္စည်းများပါဝင်ပြီး မြို့နယ်အတွင်းအခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)