နတ်မောက်မြို့နယ် ဂွေးချောင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

နတ်မောက် မေ ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအုပ်စု ဂွေးချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို မေ ၂၉ ရက်နေ့က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း မှရရှိသောအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရက  ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်/ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် အခြေခံစက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသူများမှ မိမိတို့တတ်မြောက်သင်ယူခဲ့သော အတတ်ပညာများအား စဉ်ဆက်မပြတ်လေ့လာစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။                                       ထို့နောက် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ အိုင်ဇောက်ကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသူ (၃၀)ဦးအား ကျွမ်းကျင်သင်တန်းနည်းပြဆရာများက တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မူမူစန်း