ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်၊ အသက်(၁၈)နှစ်အောက် ကရင်ပြည်နယ် အမျိုးသားဘောလုံးအသင်းအား ထောက်ပံ့ငွေပေးအပ်

ဘားအံ ဧပြီ ၃၀

ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံရေး၊ ကျေးလက်နေပြည်သူများငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ငါးသားပေါက်များထုတ်လုပ်၍  သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က တရုတ်လှကျေးရွာ မြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော တရုတ်လှကျေးရွာနှင့် မြစ်ရေတင်အကျိုး ပြုဧရိယာအတွင်းရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသား တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိ သော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ တစ်သိန်းနှင့် ငါးခုံးမကြီးကောင်ရေ တစ်သိန်းတို့ကို သံလွင်မြစ်အတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ငါးမျိုးစိုက်ထည့်ပွဲ(၈)ကြိမ် ဖြင့် ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေတစ်ဆယ့် သုံးသိန်းကျော်ကို ငါးမျိုးစိုက်ထည့် ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ငါမျိုးစိုက်ထည့်ပွဲ နှစ်ကြိမ်နှင့် ငါးသားပေါက်ကောင်ရေ သုံးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ငါးမျိုးစိုက်ထည့်ပွဲ အပြီးတွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က တရုတ်လှမြစ်ရေတင်ရှင်းလင်းဆောင်၌ မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း စိုက်ပျိုးဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား နံနက် ၁၀ နာရီခန့် တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုသမိုင်းကြောင်း အစဉ်အလာကောင်းများရှိခဲ့ပြီး ပြိုင်ပွဲတွင် မိမိတို့၏အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကိုပြသပြီး ဘောလုံးအားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အောင်မြင်မှုအဆင့်အလိုက် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် ထိုက်တန်သောအားပေးချီးမြှင့်ထောက်ပံ့မှုများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တံခွန်စိုက်ဆုဖလားကြီးအား ကရင် ပြည်နယ် ဇွဲကပင်မြေသို့သယ် ဆောင်ပြီး ပြည်နယ်၏ ဂုဏ်ကိုဆောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းထံ အောင်နိုင်ရေးအလံနှင့် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ချီးမြှင့်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုကွပ်ကွဲရေးနှင့်အကြံပေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ(ကိုယ်စား)ဗိုလ်မှူးဇော်လင်းက ငွေကျပ် (၅၀) သိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ ငွေကျပ် (၅)သိန်း၊ ပြည်နယ်ဘောလုံးအောင်နိုင်ရေးဆပ်ကော်မတီမှ ငွေကျပ်(၃) သိန်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက ငွေကျပ်(၃)သိန်းတို့ကိုထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အုပ်ချုပ်/နည်းပြများ နှင့်အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)