သာပေါင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(၃)ရပ်၊ လုပ်ငန်း အစီအစဥ် (၆)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းအသိပညာပေးဟောပြောပွဲ ကျင်းပ

သာပေါင်း မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(၃)ရပ်၊ လုပ်ငန်းအစီအစဥ်(၆)ရပ်တို့အား ထပ်ဆင့်ရှင်းလင်း အသိပညာပေး ဟောပြောပွဲကို မေလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ ထပ်ဆင့်ရှင်းလင်း အသိပညာပေး ဟောပြောပွဲ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းတာဝန်(၃)ရပ်ဖြစ်သည့်​ ဌာနအလိုက် လာဘ်ပေး လာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာ သော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေး အတွက် တားမြစ်ထိန်းချုပ်သွားရန်နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းအစီအစဉ် (၆)ရပ်ဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အသီးသီးအတွက် လုပ်ငန်း လမ်းညွှန် (Terms of Reference-TOR) များကို ရေးဆွဲထားရှိရန်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ရယူလျက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာအချက်များ ပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ (StandIng Operating Procedures - SoP) ကို သက်ဆိုင်ရာဌာနများက ရေးဆွဲရေးနှင့် အများပြည်သူ သိသင့်သည်များ ကို လက်အောက်ရုံး/ဌာနခွဲ/ဌာနစိတ်တို့တွင် ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ထင်ရှားစွာ ရေးသားချိတ်ဆွဲပြသထားရန်၊ Website များတွင်လည်း ထည့်သွင်းအသိပေးကြေညာရန်၊ အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်းကို အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU)များက တာဝန်ယူဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များထံ တင်ပြသွားရန်၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လာဘ်ပေး လာဘ်ယူ နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိမှုမှ ကာကွယ်ရန်အတွက် အစိုးရဌာနများနှင့် ဆက်စပ် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲထားခြင်း ရှိ/မရှိ စိစစ်ရန်နှင့် ကျင့်ဝတ်ရေးသား လိုက်နာခြင်းမရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူရေး၊ ရောင်းချရေး၊ တည်ဆောက်ရေးကိစ္စများ၌ လက်ခံ ဆောင်ရွက်ခြင်းမပြုရန်၊ တစ်ဘက်နှင့် အခြားတစ်ဘက်အခက်အခဲများ ဖြေရှင်းရန်နှင့် အထင် အမြင် လွဲမှားမှုမရှိစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များအကြား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဖိုရမ်များ၊ ဆွေးနွေးပွဲ များ ပြုလုပ်နိုင်ရေး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များက ညှိနှိုင်း စီစဉ်ပေးရန်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ လမ်းညွှန်မှုကိုခံယူလျက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များသည် အောက်ခြေ ရုံးဌာနခွဲများတွင် ဝန်ဆောင်မှုရယူကြသော ပြည်သူတစ်ဦးချင်းထံသို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ အစဉ် (Public Feedback Programme-PFP) အသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး အသေးစားအဂတိလိုက်စားမှုများ မဖြစ်စေရေး တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုသွားရန် စသည့်အချက်အလက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်း(၁၅၅)ဦးတို့ကို ထပ်ဆင့်အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်း စဉ်များအား ဆက်လက်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်