ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းများ၌ ကျောင်းသားဦးရေ ရာနှုန်းပြည့် ကျောင်းအပ်နှံထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်များ၌ လိုက်လံ၍ အားပေးစကားပြောကြား

ရွှေသောင်ယံ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများမှ စာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လျာထားချက်ပြည့်မီစွာ ကျောင်းအပ်နှံထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့သည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ၊ အခက်အခဲများရှိ/မရှိမေးမြန်း၍ ရည်မှန်းချက်ပြည့်မီရန် ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထိုသို့ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် အ-ထ-က-က (ရွှေသောင်ယံ)၊ အ-ထ-က (အုန်းချောင်း)၊ အ-ထ-က(သပေါ့ကန်)၊ ရွှေသောင်ယံမြို့ပေါ် ရပ်ကွက်နှင့် သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာအုပ်စုရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ သွားရောက် ကာ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအပ်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံပြီး ကျောင်းအပ်နှံထားသည့် စာရင်းများ ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ အိမ်များသို့လည်း သွားရောက်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများမိဘများအား အားပေးစကားများဖြင့် တိုက်တွန်းပြောကြားခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)