မြဝတီ မေ ၃၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၉ ရက်နေ့အထိ ကျောင်းအပ်နှံသူ ကျောင်း သား၊ကျောင်းသူဦးရေ သုံးသောင်းနှစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ဆက်လက် အပ်နှံလျက်ရှိကြောင်း မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။
မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် ကျောင်းအပ်နှံရေးနေ့အခမ်း အနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုအလေးပြုပြီး သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ကျောင်းအကျိုးတော်ဆောင် ဦးမျိုးအောင် နှင့်လူရည်ချွန်မယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အ.ထ.က(၂)ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး ဦးမြင့်ဦးက ကျောင်းလုပ်ငန်းနှင့်ပတ်သက်၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်၊ ခရိုင်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဦးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းအုပ်ကြီးများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
မြဝတီမြို့နယ်အနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၀၅ ကျောင်းရှိရာ ၈၅ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်သည်။ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းအနေဖြင့် ယမန်နေ့ မေလ ၂၉ ရက်နေ့အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း သုံးသောင်းနှစ်ထောင်ကျော် လာရောက်အပ်နှံထားရှိပြီး ဆက်လက် အပ်နှံလျက်ရှိကြောင်းသိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)