လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး (၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

လပွတ္တာ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် တောင်သူ များနှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးပွဲများကို မေလ ၂၅ ရက်နေ့မှစ၍ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တူးမြောင်းကျေးရွာအုပ်စု၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ကျောက်တန်းလေး ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေတိုးအောင်မြင့်က (၁)ဧကလျှင် (၁၀)တင်းနှုန်း အထွက်တိုးပါက တောင်သူများအတွက်လည်း အကျိုး အမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးစေရေးအတွက် သွင်းအားစုများ ထုတ်ပေးလျက်ရှိကြောင်း၊ မျိုးကောင်း မျိုးသန့်များရှာဖွေပေးပြီး လိုအပ်သော နည်းပညာများဖြင့်လည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုနည်းစနစ်မှန်ကန်ပြီး တောင်သူများအနေဖြင့် ဂရုတစိုက်အားထည့်၍ စိုက်ပျိုးပေးစေလိုကြောင်း၊ တစ်ဧက ၁၀ တင်းနှုန်း ပိုမိုတိုးတက်ရေးအတွက် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးသွားရန်၊ ဓာတ်မြေဩဇာများကို စနစ်တကျ ထည့်သွင်းသုံးစွဲပေးရန်၊ ကြဲခင်းမှ စိုက်ခင်းသို့စိုက်စနစ် ပြောင်းလဲကြရန် ပြောကြားခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းများကို မေလ ၂၅ ရက်နေ့မှစ၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှအဖွဲ့ (၄)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေလ ၃၀ ရက်နေ့အထိ ကျေးရွာပေါင်း (၅၄)အုပ်စုမှ တောင်သူ (၅၁၅၂) ဦးအား အသိပညာပေး ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်