ဟုမ္မလင်း မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က (၁) ဟုမ္မလင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်က မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများကို လက်ခံပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသောဆောင်ပုဒ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ကျောင်းသုံးစာရေးကိရိယာများအား အခြေခံပညာကျောင်းများသို့ ထောက်ပံ့ပေအပ်ခဲ့ပြီး၊ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်
မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေစောင့်ရှောက်အသင်းနှင့်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)