ကမမောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကမမောင်း မေ ၃၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့၊ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။

ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား အခြေခံပညာ အထက်တန်းကျောင်း ဆရာ၊ ဆရာမများမှ ပညာ့ဗိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးမှ ကျောင်းအပ်နှံရေးအစီအစဉ်နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးမှ ကျောင်းအပ်နှံရေးနေ့ အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အခြေခံပညာဦးစီးဌာနအနေဖြင့် အခမဲ့ပညာရေးစနစ်ဖြင့် သင်ရိုးသစ် ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးနှင့် အလှမ်းမဝေးစေရန် ရည်ရွယ်၍ မြို့ပေါ်/ရပ်ကွက် ခွဲခြားမှုမရှိစေဘဲ နေရာအနှံအပြားတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပေးထားပြီး သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားပြီးဖြစ်ပါကြောင်း ကျောင်းသားမိဘများအနေဖြင့် ငွေကြေးကုန်ကျမှုသက်သာစေရန် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ လေ့ကျင့်ခန်း ဗလာစာအုပ် ‌စာရေးကိရိယာများအား အခမဲ့ ထောက်ပံ့ပေးခြင်းနှင့် မည်သည့်အခကြေးငွေမှ ကောက်ခံမှုမရှိကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဖာပွန်မြို့နယ် ဆရာ၊ ဆရာမများမှ    ပန်းကလေးများရဲ့ ဥယျာဉ်မှူးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့‌ကြောင်း သိရသည်။

 ယင်းနောက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ်ရင်းတပ်မှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူးက လူမှုရေးအခတ်အခဲရှိသော ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ လေ့ကျင့်ခန်းဗလာစာအုပ်နှင့် စာရေးကိရိယာများအား အခမဲ့ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထီးအလှူရှင် အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ်ရင်းတပ်မှူးအား ဖာပွန်မြို့နယ် အုပ်ချုပ် ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးမှ ထောက်ပံ့ပေးသည့် တန်ဖိုးငွေ ကျပ်(‌၂၃၅၀၀၀၀)တန်ဖိုးရှိ မိတ္တူစက်အား ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးက    လက်ခံခဲ့ပြီး အခမ်းအနားအား အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူများက ဒုံးယိမ်းအကဖြင့် ကပြ ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 ဖာပွန်မြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်     မေလ(၂၃)ရက်နေ့မှ ယနေ့နံနက်ပိုင်း အချိန်အထိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့်   မူလတန်းကျောင်း စာရင်းရှိ(၈၁)ရှိပြီး ဖွင့်လှစ်နိုင်သည့် ကျောင်း(၃၄)ကျောင်း၊ ဖွင့်လှစ်ရန်ကျန်ရှိသည့် ကျောင်း (၄၇) ကျောင်းရှိကြောင်းနှင့် အခြေခံပညာကျောင်းများတွင် ယနေ့အချိန်အထိ အထက်တန်းကျောင်းသား ကျောင်းသူ(၃၂၆)ဦး၊ အလယ်တန်းကျောင်းသား ကျောင်းသူ(၁၁၇၄)ဦးနှင့် မူလတန်းကျောင်းသား၊ကျောင်းသူ(၄၇၉၅)ဦးအား ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇင်(ပြန်/ဆက်)