လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော အသီးအနှံများ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ စားဝတ်နေရေး အဆင်ပြေ

လိပ်သို မေ ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်း ထူထပ် ပေါများပြီး အဆိုပါတောင်တန်းများကြားတွင် စပါးစိုက်ပျိုးနိုင်သော လယ်ယာမြေ အနည်းငယ်မျှသာရှိရာ ဒေသခံပြည်သူများက မိုးတွင်းကာလ၌ မိုးရေ အားထားကာ မိမိတို့လယ်မြေများတွင် မိုးစပါးတစ်မျိုးတည်းကိုသာ အဓိကထား စိုက်ပျိုး၍ အသက်မွေးခဲ့ ကြသည်။

ယခုအခါ ချောင်းမြောင်းများတွင် တမံတုပ်၍ ရေစုပ်စက်များဖြင့် ရေတင်ပြီး တောင်သူများက လယ်မြေများကို နှစ်သီးစားအဖြစ် ဖန်တီးကာ ဘူးသီး၊ ရွှေဖရုံသီး၊ သခွားသီး၊ သခါမ (သကာမ) သီးနှင့် ဖရဲသီးများကို စမ်းသပ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး မိသားစု ဝင်ငွေ ရရှိသည့် လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏ နေအိမ်ခြံဝန်းထဲတွင် စိုက်သလို၊ တစ်ချို့ဒေသနေပြည်သူများက လယ်ယာမြေများတွင် သဘာ၀ မြေဩဇာဖြင့်သာ စိုက်ပျိုးထားကြောင်း သိရသည်။

“ အရင်တုန်းကတော့ အသီးအနှံတွေကို တောင်ငူကလာရောင်းတဲ့ ဈေးသည်တွေ ဆီကနေဘဲ ဝယ်စားရတယ်၊အခုဒီအသီးအနှံတွေကို စမ်းသပ်စိုက်ပျိုးကြည့်တာ အောင်မြင် ဖြစ်ထွန်းတယ်၊ ရလာတဲ့အသီးအနှံတွေကိုလည်း လိပ်သိုမြို့ပေါ်မှာ ပြန်လည်ရောင်းချတယ်၊ ဒေသနေပြည်သူများ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြတော့ ကျွန်တော်တို့အတွက် အဆင်ပြေတယ်၊ မိသားစုဝင်ငွေလည်း တိုးတာပေါ့ ”ဟု အမှတ် (၆) ရပ်ကွက်နေ  တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လိပ်သိုမြို့ရှိ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဥယျဉ်ခြံ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြပြီး လာမည့် မိုးစပါး အပြီးတွင်  ဘူး ၊ ဖရုံ၊ ဖရဲ စသည့်သီးနှံများအပြင် အခြားသော သီးနှံများကို တိုးချဲ့စိုက် ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခင်လေးနွယ် (လိပ်သို)