မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ဝက္ကသေးတံတားဖွင့်ပွဲ တက်ရောက်

တောင်တွင်းကြီး မေ ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီခွဲက တောင်တွင်းကြီးမြို့နယ် ရန်ကုန်-ပြည်-မကွေး-မန္တလေးကားလမ်းမကြီးပေါ်ရှိ ဝက္ကသေးတံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသစ်ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွန်းက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူး ကြီးလင်းထွဋ်၊ တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးကျော်မျိုးထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က တံတားသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံသာရေများ ပက်ဖျန်းပေးခဲ့ကြပြီး တံတားသစ်ပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဝက္ကသေးတံတားသစ်ကြီးမှာ အရှည်(၃၀၀)ပေ၊ ယာဥ်သွားလမ်းအကျယ်(၂၄)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၈၄)ပေ၊ ရေလမ်းကင်းလွတ်အမြင့်(၁၁) ပေ၊ တံတားခန်းဖွင့် (၆၀) ပေ (၂)ခန်း၊ (၉၀)ပေ (၂)ခန်း၊  သံကူကွန်ကရစ်ထိပ်အုပ်နှင့်ကိုယ်ထည်၊ အပေါ်ထည်သံကူကွန်ကရစ်ကြမ်းခင်းနှင့်လက်ရမ်းအား ပြည်ထောင်စုရန်ပုံငွေ (၁၅၀၀.၀၀)ကျပ်သန်းဖြင့် ၇-၅-၂၀၂၂ ရက်နေ့တွင် လုပ်ငန်းစတင်ဆောက်လုပ်ခဲ့ရာ ၃၁-၃-၂၀၂၃ ရက်နေ့တွင်ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)