ထားဝယ် မေ ၃၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၂၉ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာလက်ဝှေ့ပြိုင်ပွဲတွင်အမျိုးသမီး(၄၅၊ ၅၇၊ ၆၀)ကီလိုတန်းနှင့်အမျိုးသား(၄၆၊ ၄၉၊ ၆၀)ကီလိုတန်းပြိုင်ပွဲတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဒိုင်အဖွဲ့ဝင်များက ယှဥ်ပြိုင်မှုအားအကဲဖြတ်အမှတ်ပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီးတစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက အမျိုးသား(၄၆) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အမျိုးသား(၄၉) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က အမျိုးသား(၆၀)နှင့်အမျိုးသမီး(၄၅) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အမျိုးသမီး (၅၇ နှင့် ၆၀) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အမျိုးသား လက်ဝှေ့ပြိုင်ပွဲတွင် ရွှေ(၃)ခုကြေး(၁)ခုမြိတ်မြို့နယ်အသင်းနှင့် အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲတွင် ရွှေ(၃)ခုကြေး(၃)ခု ရရှိသော မြိတ်မြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)