ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဒေါနမြေ လက်ကမ်းစာစောင် ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး မေ ၃၀

ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ မိဘပြည်သူများနှင့် အလုပ်ရှင်များ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိ လိုက်နာဆောင်ရွက်နိုင်‌စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင် ရည် မြင့်တင်ရေးလုပ်ငန်းကော်မတီက အခမဲ့ဖြန့်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင် ဒေါနမြေ လက်ကမ်းစာစောင်အား ပြည်သူများအနေဖြင့် လေ့လာသိရှိနိုင် စေရေးအတွက် ယနေ့နက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လူ စည်ကားရာ ဇမိရတနာ မြို့မဈေးအတွင်းသို့ သွားရောက်ပြီး လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဒေါနမြေ လက်ကမ်းစာစောင်တွင် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ကလေးအလုပ်သမားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေး အလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် (၁၉၅၁) ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ) စသည့် အသိပညာပေးဆိုင်ရာ သိကောင်းစရာများဖြင့် ထည့်သွင်းရေးသားထုတ်ဝေထားကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)