မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးတက်ရောက်

တောင်တွင်းကြီး မေ ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးကို ယနေ့ နေ့လယ်(၁၁:၃၀)က တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားတွင်း မိုးလုံလေလုံခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး လင်းထွဋ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးခင်မောင်အေးက တောင်တွင်းကြီးမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများ၊  ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် နေကြာသီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ဧက တိုးချဲ့စိုက်ပျိုးသွားမည့်အခြေအနေများနှင့် စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ ဒေသခံတောင်သူများ၏ အသီးသီးတင်ပြမှုများအပေါ် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရန် စီးပွားရေးကောင်းဖို့လိုပါကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀% သည် ကျေးလက်နေပြည်သူများဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ၏ ၈၀% သည် ကျေးလက်နေပြည်သူများဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ဖို့လိုပါကြောင်း၊ ကျေးလက်နေပြည်သူအများစုသည်  စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးအဆင်ပြေမှသာ မိမိတို့ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများကလည်း စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင် သီးထပ်၊ သီးညှပ်အပြင် တစ်နှစ်ကို အနည်းဆုံးနှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်  လိုအပ်မှာဖြစ်ပါကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)