ပုလောမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပုလော  မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက တစ်လုံးနှစ်လုံး စာစီကုံးတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယနေ့မျက်မှောင်ကာလတွင် ပညာသည် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဆရာ/ဆရာမများကလည်း ကျောင်းသူ/သားများ အတွက် လမ်းပြကြယ်များဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများကလည်း ဗလ ငါးတန် ဖွံ့ဖြိုးတဲ့ လူရည်ချွန် လူရည်မွန်များ ဖြစ်လာစေဖို့ ကြိုးစားသင်ယူကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ ပညာသင်ကြားနိုင်ဖို့ မိဘ၊ဆရာ ကျောင်းအကျိုးတော်ဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဆွေးနွေးပြောကြားခဲ့ပြီး Kg အတန်းမှ Grade -12 အထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)