ဇီးကုန်းမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားမှုများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ဇီးကုန်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် နိုင်ငံသားတိုင်းမဲပေးခွင့်မဆုံးရှုံးစေရေး အတွက် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားမှုများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများမှ အဖွဲ့များခွဲ၍ လိုက်လံကြည့်ရှုစစ်ဆေးလျက် ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များရုံးတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအားလုံးမှ ဆန္ဒမဲပေးခွင့် ရှိသူများပါဝင်သည့် အမည်စာရင်းကို နောက်ဆုံးအကြိမ် အများပြည်သူ သိရှိနိုင်ရန် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားရှိပြီး၊ အဆိုပါမဲဆန္ဒရှင် အမည်စာရင်း ကပ်ထားမှုများကို  မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်မြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုသန္တာနှင့် ပြန်/ဆက်ဦးစီးမှူး ဒေါ်မာမာဦးတို့က အဖွဲ့များခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များနှင့် ပိုစတာများကို ဝေငှပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို    သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများရုံးတွင် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ အသိပေးကြေညာ ထားရှိပြီးဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း (၅၅) ရုံဖွင့်လှစ် သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၆၁၀၃)ဦး ရှိကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းများကို မြို့နယ်ခန်းမ၊ မြို့မ အ−ထ−က ကျောင်းနှင့် လေးမျက်နှာ ရဲစခန်းတို့၌ နေရာများခွဲ၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)