ပခုက္ကူခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပခုက္ကူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများပညာရေးကို အပြည့်အဝသင်ကြားနိုင်စေရေးတို့အတွက် ကျောင်းသားမိဘအုပ်ထိန်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖများအားလုံး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန်” တိုက်တွန်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးယုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူတို့က ပညာရေးဝန်ကြီးဌာနမှအခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ (ထက်၊လယ်၊မူ)ကျောင်းအလိုက် တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ဆက်လက်ကျောင်းလာရောက်အပ်နှံမှုအခြေအနေတို့ကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)