ပွင့်ဖြူမြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင်တော့မည်

ပွင့်ဖြူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့၌ ယခင်တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနေရာတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ပြောင်းလဲအစားထိုးတပ်ဆင်၍ ဓာတ်အားလိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

ထိုသို့ ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးအတွက် ထရန်စဖော်မာများ အဆင့်မြှင့်တင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မေ ၂၁ ရက်နေ့နံနက်ပိုင်းကစပြီး ဓာတ်အားခွဲရုံအတွင်း ယခင်တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအစား ၂၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ပြောင်းလဲအစားထိုးတပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ပြောင်းလဲတပ်ဆင်သည့် ၃၃/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာ Tapping ချိန်ညှိခြင်းများကို စနစ်တကျထိန်းသိမ်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုလည်း စနစ်တကျပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  ယခုအခါ ဓာတ်အားခွဲရုံ၌ ထရန်စဖော်များ အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်အောင် ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလျော့နည်းကျဆင်းမှုများလည်း ကင်းဝေးစေမည်ဖြစ်ကြောင်း အဆိုပါပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ထံမှ  သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)