ပွင့်ဖြူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် မေ ၃၀ ရက်၊ ယနေ့နံနက်ပိုင်းကစပြီး လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လူထုဖြန့်အနေဖြင့် အရိပ်ရပျိုးပင်များဖြန့်ဝေပေးရာတွင် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်က မိုးရာသီကာလသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်လာရောက်ယူကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲခြင်းများ မပြုလုပ်ကြရန်၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများအား ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ စိုက်ပျိုးရန်အတွက် ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ သစ်စိမ့်၊ တမာ၊ စိန်ပန်းကြီး၊ ကုက္ကိုလ်၊ မျင်ဝါး၊ ဇီး၊ ယူကလစ်၊ ရှား၊ ခရေ စသည့်အရိပ်ရပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခု ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ သစ်စိမ့်၊ တမာ၊ စိန်ပန်းကြီး၊ ကုက္ကိုလ်၊ မျင်ဝါး၊ ဇီး၊ ယူကလစ်၊ ရှား၊ ခရေ စသည့်အရိပ်ရပျိုးပင် စုစုပေါင်း ၄၀၀၀၀ အား အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရကာ ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီမှူး ဦးအောင်မော်က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)