သနပ်ပင် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကိုး ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (သနပ်ပင်) ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ကျောင်းနေအရွယ်ကလေးတိုင်းကျောင်း တက်ရောက်နိုင်ရေး၊ ကျောင်းသားကျောင်းသူများ ပညာရေးကိုအပြည့်အဝ သင်ကြားနိုင်စေရေးအတွက် ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများမှ ပူးပေါင်း၍ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်မှ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများအား ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းချက်များရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအား သက်ဆိုင်ကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားအား အထက(သနပ်ပင်) ကျောင်းသား ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
လှမိုး(ပြန်/ ဆက်)