ဖောင်းပြင် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရန် ယခုလ ၂၃ရက်နေ့ကစတင်ကာ သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ကျောင်းအကျိုးတော်ဆောင်ကော်မတီများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်း၏ စီစဉ်ညွှန်ကြားမှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့များက မြို့ပေါ်ရှိ အခြေခံပညာ ကျောင်း ၃ကျောင်းတွင် ယခုလ၂၇ရက်နေ့က သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့သည်။
ယခုပညာသင်နှစ်တွင် ကျောင်းပေါင်း ၁၅၂ ကျောင်းအနက် ၃၁ ကျောင်းဖွင့်လှစ်ရန်လျာထားပြီး နယ်မြေမအေးချမ်း၍ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျေးရွာများမှကျောင်းသား၊ ကျောင်းသူများအား ဖွင့်ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကိုထွန်း (ဖောင်းပြင်)