နတ်တလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နတ်တလင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် အ.ထ.က(နတ်တလင်း)မှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းက ဆရာ/ဆရာမများအနေဖြင့် ဦးဆောင်နိုင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား/သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပင်ကိုယ်အရည်အသွေးများ ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူခဲ့ကြ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုကာအခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။

နတ်တလင်းမြို့တွင် အခြေခံပညာကျောင်းပေါင်း(၂၃၇)ကျောင်း၌ ခန့်မှန်းလျာထား(၂၀၆၄၄)ဦးတွင် ၂၉ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ(၁၉၀၁၅)ဦး အပ်နှံနိုင်ခဲ့ပြီး  မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)