ကျွန်းလှ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ထိုကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ မေလ ၂၉ ရက်နေ့အထိ မူလတန်း (၃၅၂၅) ဦး၊ အလယ်တန်း (၁၁၁၇) ဦး၊ အထက်တန်း (၅၉၉) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၂၄၁) ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ပြီး သက်ဆိုင်ရာကျောင်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျလက်ခံ ဆောင်ရွက်ပေးကြသည်။
မျိုးဝင်းညို (ကျွန်းလှ)