သာပေါင်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေး လျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ မေလ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်သန်းသန်းအေး က တောင်သူများ အား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအားဦးစားပေး ထုတ်ချေးပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ဒုတိယအကြိမ် သဲဖြူကျေးရွာအုပ်စု၊သဲဖြူကျေးရွာမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၉၅)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၄၄၄)ဧကအတွက် ကျပ်သိန်း ခြောက်ရာ ခြောက်ဆယ့် ခြောက်သိန်းကိုတောင်သူများ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအားစိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၆၈)၊ စိုက်ပျိုးဧက(၃၆၅၀၀)၊ ချေးငွေ (၅၄၇၅၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန် လျာထားပြီး၊မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်