ပန်းတောင်းမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ပန်းတောင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ (၃၈)ကြိမ်မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ"နမောတဿ"(၃)ကြိမ်ရွတ်ဆိုပူဇော်၍ မြို့နယ်သံဃနာယကဖွဲ့ဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိစ္စ(ကိုးဆောင်ဆရာတော်)ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဩဝါဒခံယူခဲ့ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ရာ ယခုနှစ်တွင်ပန်းတောင်းမြို့နယ်အတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ရပ်ကွက်(၅)ခု/ ကျေးရွာအုပ်စု(၂၃)ခုတို့တွင် သင်တန်းဌာန(၄၃)နေရာဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်သား(၉၀၆)ဦးအား သင်ကြားပေးကာ  ယဉ်ကျေးမှုကျင့်ဝတ်ဘာသာတွင်(၃၉၆)ဦး၊ ဗုဒ္ဓဘာသာမြန်မာစာတွင်(၉၇)ဦး၊ အခြေခံအဘိဓမ္မာတွင်(၃၃)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုဂုဏ်ပြုလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရ၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ မြို့နယ်သံဃနာယကအဖွဲ့ဆိတ္တဲကျောင်းဆရာတော်တို့မှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)