စစ်ကိုင်းတိုင်းဒေသကြီးတွင်   ၂၀၂၃ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၃၂) ကြိမ်   ကျင်းပပြီး    ပျိုးပင်ပေါင်း (၅၄၃၀၀၀) စိုက်ပျိုးဆောင်ရွက်သွားမည်

မုံရွာ  မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် ကြိုးဝိုင်းတော(၁၆၁)ခု ၊ ၅၉၈၆၈၆၂ဧက ၊ ကြိုးပြင် ကာကွယ်တော(၁၁၁)ခု၊ ၁၇၅၂၁၁၉ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခု၊ ၃၀၁၇၀၂၃ဧကတို့ကို ဖွဲ့စည်းထားရှိပြီး   သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ခုနှစ် ၊ မိုးရာသီတွင် ပြည်သူလူထုအတွင်း သစ်ပင်စိုက်ပျိုးရေး၊ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများ ကို စိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ လူထုလှုပ်ရှားမှုအသွင်ဖြင့်တိုင်းဒေသကြီးရှိမြို့နယ်အသီးသီးတွင်   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  (၃၂)ကြိမ်    ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး    ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်း ၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ စွယ်တော်၊   ယင်းမာ၊ တည်၊ ခရေ ၊   စိန်ပန်း၊ မျောက်ငို၊ မဟော်ဂနီ အပါအဝင်   သစ်မျိုး(၃၃)မျိုး  ၊  ပျိုးပင်ပေါင်း ၅၄၃၀၀၀ပင်ကို ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်းလာမည့်     မိုးရာသီတွင်   လမ်းဘေးဝဲယာ    စိမ်းလန်းစိုပြည်ရေး အတွက် (၁၇၄၂၀)ပင်၊   ဒေသံပြည်သူများ၏ လောင်စာထင်း လိုအပ်ချက်ကို   ဖြည့်ဆည်းပေးနိုင်ရန်  ရည်ရွယ်၍ ကျေးရွာထင်းစိုက်ခင်းအဖြစ် တစ်ရွာလျှင် (၂) ဧကနှုန်းဖြင့် ကျေးရွာ(၃၅)ရွာ၌ (၇၀)ဧက၊  ၈၄၇၀၀ပင် ၊   လူထုလှုပ်ရှားမှုအသွင်ဖြင့်     မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်  သစ်မျိုးစုံ   ပျိုးပင်ပေါင်း  ၁၅၉၆၅ပင်၊ ဌာနဆိုင်ရာ ၊ တပ်ရင်းတပ်ဖွဲ့နှင့် ဒေသခံပြည်သူများသို့ ပျိုးပင်ပေါင်း  ၄၂၅၀၀၀ ပင် တို့ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှသိရသည်။

ထို့အပြင်     တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးသစ်တော ဦးစီးဌာန၌     တမာပျိုးပင် (၁၀၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး လာမည့်မိုးရာသီ၌ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်တို့တွင် ဒေသစိမ်းလန်းစိုပြည်ရေး ၊  ရာသီဥတုညီညွတ်မျှတစေရေးတို့အတွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းနှင့်အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြုစေရန်အတွက်  ဝါးပျိုးပင်  (၇၇၅၀၀)ကိုလည်း ပျိုးထောင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီးပြန်/ဆက်