ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဝေါ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီက ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ သီရိဇေယျာခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည် အကောင်အထည်ဖော်ပြီး မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ်အဖြစ် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူ၍ သတ်မှတ်ပြဌာန်းပေးချက်နှင့်အညီ တစ်မြို့နယ်လုံးအတိုင်းအတာအားဖြင့် ကျောင်းဝင်နှုန်းမြင့်မားရန်၊ ကျောင်းနေမြဲရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံးကို ကျောင်းအပ်နှံကြပါစို့လို့ တိုက်တွန်းပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း၊ မြို့နယ်ပညာရေးမှူး ဦးကြည်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျောင်းများအတွက် အလှူငွေလှူဒါန်းပေးသော အလှူရှင်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)