ပေါင်းတည် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများမှ မွေးမြူရေးကဏ္ဍအတွက်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူမျာတက်ရောက်ကြသည်။
ဦးစွာမြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦအေးကျော်က ဝက်မွေးမြူရေးလုပ်ငန်းရှင်များအား အကျိုးဖြစ်ထွန်းအောင်ဂရုတစိုက်မွေးမြူကြရန်နှင့် လုပ်ငန်းတိုးချဲ့နိုင်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ အခက်အခဲများရှိပါက လုပ်ငန်းကော်မတီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်းမှာကြားသည်။
ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဝက်မွေးမြူရေးလုပ်ငန်းရှင် ၇ ဦးအား ရန်ပုံငွေမှ ထောက်ပံ့ချေးငွေကျပ် သိန်း ၅၀ စီ ပေးအပ်ခဲ့ကြကြောင်းသိရပြီး ထောက်ပံ့ချေးငွေများကို ၁၂ လအတွင်း အတိုးနှင့်အရင်းကို အပြေအကြေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် အတိုးနှုန်းမှာ ၁၀၀ ကျပ်လျှင် ၀.၅ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)