လွိုင်ကော် မေ ၃၀
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစီမံကိန်းအတွက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဆပ်ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ်ဦးကြည်မြိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ဆက်စပ်ကဏ္ဍပေါင်းစုံမှတစ်ဆင့် လက်တွေ့ကျသည့်စီမံချက်ဖြင့် အစဉ်တစိုက်အကော်အထည်ဖော် ဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများသည်နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းတွင်လည်း ကလေးအလုပ်သမားများပပျောက်ရေးဆိုင်ရာလုပ်ငန်းများကို ဆပ်ကော်မတီအဖွဲ့ဝင်များက ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင်များက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မိမိတို့ဌာနအလိုက် လုပ်ငန်းများကို ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဥပဒေချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းအတွက် ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ ဥပဒေရေးရာကိစ္စရပ်များသင်တန်းကို ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)