ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဆိုးထုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်း

ပွင့်ဖြူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် အမှိုက်သရိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စက်ယန္တရားတစ်စီးဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာများက ပွင့်ဖြူမြို့တွင်း မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ်အုတ်ရေမြောင်းအတွင်း အမှိုက်သရိုက်များ၊ ဒိုက်ဖက်များနှင့် နုန်းသဲများပိတ်ဆို့မှုကြောင့် ရေစီးဆင်းမှုအားနည်းသည့် နေရာများအား ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရားတစ်စီးဖြင့် စနစ်တကျ စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်းသည် အရှည်ပေ ၉၆၀ ရှိပြီး အကျယ် ၅ ပေ၊ အနက် ၄ ပေ ၆ လက်မရှိကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၈ ဒသမ ၅၀၀ သန်းဖြင့် နှစ်စဉ်မိုးရာသီကာလ မြို့တွင်းရေစီးရေလာကောင်းမွန်စေရန်နှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)