အုတ်တွင်း မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နိုင်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပညာသီရိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အုတ်တွင်းအ.ထ.ကမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အဖွင့်သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းသား ကျောင်းသူများ ပညာရေးကို အပြည့်အဝ သင်ကြားနိုင်စေရေးအတွက် ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက် ပေးရန် တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအား သက်ဆိုင်ရာကျောင်းအလိုက် ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က “ကျောင်းနေအရွယ်ကလေးတိုင်းကျောင်း နေဖို့၊ကျောင်းနေတဲ့ကလေးတိုင်း KG+9အထိ သင်ယူပြီးမြောက်ပြီး KG+9 ပညာရေးအလွန်မှာ စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင်ကြားပေးတဲ့ အထက်တန်းကျောင်းများကို ဆက်လက်ပညာသင်ကြားနိုင်ရေးတို့ကို ကြိုးစားပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမတစ်ချက်အနေနဲ့ ကျောင်းသားဦးရေ တိုးတက်လာစေဖို့ ပညာရေးဌာနတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျန်းမာပျော်ရွှင်တဲ့ပညာသင်မှု ပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်ဖို့ ကျန်းမာရေးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာပါ။ နောက်ဆုံးတစ်ချက် ပညာရေးဌာနကိုယ်စားပြောချင်တာက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းတက်အင်အားနည်းခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားအင်အား ၁၆၀ရာခိုင်နှုန်းထိ တိုးလာပါတယ်။ ပဲခူးတိုင်းတစ်တိုင်း လုံးအနေနဲ့ ကျောင်းသားအင်အား ရှစ်သိန်းကျော်ထိတိုးလာပါတယ်။ ဒီနှစ်မှာလည်း ယခင်ထက်ပိုမိုကျောင်းတက်နိုင်အောင် နှစ်ချို့/ကင်းကွာနေတဲ့ကျောင်းသားတွေကို ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ ၂၀၂၃ ပညာသင်နှစ်စာမေးပွဲမှာ ကျရှုံးသွားတဲ့ ကျောင်းသားတွေ အတွက် ဘယ်လိုအခွင့်အလမ်းတွေရရှိလာမလဲဆိုတာ ညွှန်ကြားချက်ဆက်ထွက် လာဦးမှာပါ။ ဒါကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကိုရောက်ရမယ်ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ကျောင်းအပ်နှံပေးကြဖို့ တိုက်တွန်းပါတယ်”ဟု နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အုတ်တွင်း မြို့နယ်မူလတန်းလွန်(ကြို့ကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းက “အနာဂတ်ဥယျာဉ် တို့အလှဆင်”သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)