ဖြုး မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာ့ကျောင်းသားသီချင်းဖြင့် ကျောင်းသား/ကျောင်းသူကလေးများက သီဆို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ပညာရေးဆိုင်ရာများနှင့် ကျောင်းအပ်နှံရာတွင် ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ KG တန်းမှ Grade-11ထိ ကျောင်းအပ်နှံပြီးသား ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူးနယ်အတွင်း ယခင်နှစ်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် စုစုပေါင်းကျောင်းသားဦးရေ (၅၀၇၄၅)ဦး ကျောင်းအပ်ပညာသင်ကြားခဲ့ရာ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယနေ့ထိ ကျောင်းသား/ကျောင်းသူဦးရေ(၃၇၀၀၀)ကျော် ကျောင်းအပ်လက်ခံနိုင်ပြီး အခမဲ့ပညာရေးအနေဖြင့် (၅)နှစ်အရွယ်ကလေးများအား သူငယ်တန်း KG သို့လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးသူငယ် များအား ပထမတန်းGrade-1သို့လည်းကောင်း၊ အပ်နှံစေရမှာဖြစ်ပြီး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများကို ထောက်ပံ့ပေး၍ သူငယ်တန်း KG တန်းများအတွက် ကျောင်းဝတ်စုံပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ၍ ဇွန်လ(၁) ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)