ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှ ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာများနှင့် ရေသန့်စက်များ ထောက်ပံ့

ဘားအံ မေ ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက အင်ကြင်းဖိုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်နှင့် ကရင်ကျောင်းသားများ ရိပ်သာတို့တွင် ပညာသင်ကြားရန်ရောက်ရှိနေကြသော ရပ်ဝေးဒေသများမှ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ စာရေးကိရိယာများနှင့် ရေသန့်စက် များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ အင်ကြင်းဖိုတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တမဟိန္ဒအား ဖူးမြော်ကြည်ညို၍ သာသနာ ရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ အင်ကြင်းဖို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပညာသင်ကြားရန်ရောက်ရှိနေသော ရပ်ဝေးဒေသများမှ မူလတန်းမှအထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးအတွက် ဗလာစာအုပ်ဒါဇင် ၁၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက် နှစ်လုံး၊ စက်သုံးဆီ နှစ်ပီပါနှင့် ဘိလပ်မြေ ၃၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက် ဇမ္ဗူမြိုင်သီလရှင်သင် ပညာရေးကျောင်း၌ ရပ်ဝေးဒေသများမှ ပညာသင်ကြား ရန်ရောက်ရှိနေသော သီလရှင်ဆရာလေး ၁၃၀ ပါးအတွက် ဗလာစာအုပ်ဒါဇင် ၁၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက်နှစ်လုံးနှင့်ဘိလပ်မြေ ၃၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကရင်ကျောင်းသားများရိပ်သာတွင် ရပ်ဝေးဒေသများမှ ပညာသင်ကြားရန် ရောက်ရှိနေသော ကျောင်းသား၊ကျောင်းသူ ၁၂၅ ဦးအတွက် ဗလာစာအုပ်ဒါဇင် ၂၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက်နှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်နှင့်အမှတ် (၇) ရပ်ကွက် တို့ကို ဆက်သွယ်ထားသော စောစံစီဖိုးလမ်းအား တစ်ဖက်လျှင် ကွန်ကရစ် ၄ ပေစီတိုးချဲ့ဆောင်ရွက်ခြင်းနှင့် ဘားအံမြို့၊ အထက (၄) လမ်းဆုံမှ ဘားအံ တက္ကသိုလ်ဓမ္မာရုံထိ ကွန်ကရစ်လမ်းတစ်ဖက်လေးပေစီတိုးချဲ့ခြင်း၊ အုတ်စီရေမြောင်းနှင့် လူသွားစင်္ကြန်လမ်းပြုလုပ်ခြင်း ၇၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း