ကျုံပျော်မြို့ အထက(၁)တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ကျုံပျော် မေ ၂၉

"ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့  ကျောင်းအမြန် အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ  ကျောင်းနေအရွယ် ကလေးအားလုံး  ပညာသင်ကြားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ မေ ၂၉ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် ပညာရေးမှူး ဆရာကြီး ဦးကျော်ဇင်သန်းက ကျောင်းအပ်နှံရေးနေ့ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက ကျောင်းနေအရွယ် ကလေးအားလုံး  ပညာ သင်ကြားနိုင်ရေး၊ ရာနှုန်းပြည့် ကျောင်းအပ်နှံရေးကိစ္စများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန၊ ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းနှင့် ဂျီအီးစီ သမဝါယမ အသင်း တာဝန်ရှိသူများက ထောက်ပံ့ငွေ (၃)သိန်း၊ ဗလာစာအုပ် ဒါဇင်(၁၀၀)နှင့် ခဲတံ ဒါဇင်(၅၀) တို့အားပေးအပ်လှူဒါန်းရာ ဒုမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်က လက်ခံရယူပြီး၊ အထက (၁)ကျောင်းသား၊ ကျောင်းသူ‌လေးများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)