သနပ်ပင် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်အတွင်း ရောင်းချနေသောဆေးဆိုင်များ၊ ဆေးခန်းများ၌ တရားမဝင်ထိုးဆေး၊ သောက်ဆေးများ ရောင်းချနေမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ တရားမဝင်ဆေးများ ရောင်းချနေမှု ရှိ/မရှိစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ချယ်ရီသက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆရာ/ဆရာမများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်၊ ရပ်ကွက်များရှိ ဆေးခန်း၊ ဆေးဆိုင်များတွင် တရားမဝင်ထိုးဆေး၊ သောက်ဆေးများရောင်းချနေမှုများကို လိုက်လံစစ်ဆေးပြီး၊ ၎င်းဆေးများ ရောင်းချနေမှုစစ်ဆေးတွေ့ရှိပါက ဆေးဝါးများသိမ်းဆည်း၍ နောက်နောင် အဆိုပါဆေးများ မရောင်းမိစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးကာ ရောင်းချနေခြင်းတွေ့ရှိပါက အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွတ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသော ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)