မြိတ် မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး ၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထက်တန်းကျောင်းများတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ ကြသည်။
ထိုသို့ ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများက အတန်းအလိုက် ကျောင်းလာရောက် အပ်နှံနေမှုအား တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက အထက(၁)ကျောင်း၊ အထက(၂)ကျောင်းနှင့် အထက(ခွဲ)-ရွှေပေးကျောင်းများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျောင်းသား/သူများအတွက် သောက်ရေသုံးရေ အဆင်ပြေမှုရှိစေရေး၊ စာသင်ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သန့်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ စနစ်တကျ သန့်ရှင်းသန့်ရပ်စွာ ထားရှိရေးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်း ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မေလ (၂၃)ရက်မှ (၂၈)ရက်အထိ မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၁၅၆)ကျောင်းတွင် KG မှ Grade-12 ကျောင်းသား/သူ(၄၇၈၁၄)ဦးကို မိဘအုပ်ထိန်းသူများက လာရောက်ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မေလ (၂၃) ရက် မှ (၃၁)ရက်အထိ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KG မှ Grade-5 မူလတန်းအဆင့် ကျောင်း သား/သူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာ စာအုပ် (၁)ဒါဇင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-7 မှ Grade-12 အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ သူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို အခမဲ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)