အုတ်ဖို မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အုတ်ဖို)ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(အုတ်ဖို)မှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှ အခြေခံကျောင်းများသို့အခမဲ့ ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် ဦးဉာဏ်ဝင်းဖြိုး ကုမ္ပဏီလီမီတက်နှင့် soft guide computer centre (1) ပြည်မှ လှူဒါန်းသော ဗလာစာအုပ်များကိုပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)