မြောင်းမြမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ မဒေါ့ပင်ကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

မြောင်းမြ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မဒေါ့ပင်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌  မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက တောင်သူအသိပညာ‌ပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးချစ်ကိုနိုင်က မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရှိရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးရေး၊ ၂၀၂၃ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့်သွင်းအားစုများ ရယူ၍ စပါးအထွက်တိုးစေရန် ဆောင်ရွက်ရေး၊ မျိုးကောင်း မျိုးသန့်‌ ပြောင်းလဲသုံးစွဲရေးတို့ကို ဆွေးနွေးသည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးစီး အရာရှိ ဦးနေဖြိုးမောင်က လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးနှင့် စည်းကမ်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ပုံစံ(၇) လွှဲပြောင်း၊ ရောင်းချ၊ ပေးကမ်းခြင်းများ၊ အမွေဆက်ခံခွင့်ကိစ္စရပ်များနှင့် အမည် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များမှ‌ မိုးစပါး တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရှိရေးကို ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဖြေရှင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို မဒေါ့ပင်ကျေးရွာရှိ တောင်သူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)