မြောင်းမြ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာသီချင်း" ဖြင့် သီဆိုဖျော်ဖြေကြပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က "ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံကြဖို့နှင့် ပညာရေးဆိုင်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံး ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား မြောင်းမြခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးတို့က ပေးအပ်ကြရာ မြောင်းမြမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က လက်ခံရယူခဲ့သည်။
မြောင်းမြခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်းနှင့် အဖွဲ့ဝင်များ၊ မြောင်းမြ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေထက်ထက်နှင့် အဖွဲ့ဝင်များက ကျောင်းသုံး ဗလာစာအုပ်များအား အခြေခံပညာကျောင်းများသို့ ထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့နောက် အ.ထ.က (၆)မှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်သီချင်း" ဖြင့် သီဆိုဖျော် ဖြေခဲ့ကြသည်။ အဆိုပါ အခမ်း အနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)