ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်ပွဲကျင်းပ

ဖျာပုံ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု " အလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၉)ရက် နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကား ပြောကြားရာတွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်းကျောင်းမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီးများ ဒေသတွင်း အလုပ်အကိုင်များ ရရှိရေး အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အိမ်တွင်းမှု ကျောင်းဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ အိမ်တွင်းမှု ပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများ ဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းသို့ PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim က အလှပြင်သင်တန်း ဖွင့်လှစ်နိုင်ရေး ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်​မြမာလာစိုးက အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အလှပြင် သင်တန်း ဖွင့်လှစ်နိုင်ရေးကူညီ ဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အလှပြင်သင်တန်း(၅)ကြိမ် ဖွင့်လှစ်သင်ကြား ပေးနိုင်ရေးအတွက် PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim က အလှူငွေကျပ်( ၁၄၄)သိန်း ၅ သောင်းအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူက လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ဖျာပုံမြို့နယ် အိမ်တွင်းမှု ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူက ဖျာပုံမြို့နယ်အနေဖြင့် အိမ်တွင်းမှုသက်မွေး ဝမ်းကျောင်းဖွင့်လှစ်ပြီး အမျိုးသမီးများအတွက် အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ မုန့်လုပ်နည်းသင်တန်းများ သင်ကြားပို့ချပေးသွားမည့် အစီအစဥ်များ နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။ ယနေ့ဖွင့်လှစ်သည့် အလှပြင်သင်တန်းကို သင်တန်းသူ (၁၀)ဦးဖြင့် တစ်လတိတိ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး တစ်နှစ်လျှင် (၅)ကြိမ်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် ကျောင်း တာဝန်ရှိသူထံမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)