ကန့်ဘလူ မေ ၂၉
ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ပလပ်စတစ် (ကြွပ်ကြွပ်အိတ်)များ အသုံးပြုခြင်းကြောင့် နှစ်စဥ်ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက် နေမှုများ လျော့နည်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ “ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”၊ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့မ စည်ပင်သာယာစျေး၌ သတင်းစာ စက္ကူအိတ်များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ စတစ်ကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေ့စဥ် ပြည်သူများ ကြွပ်ကြွပ်အိတ်သုံးစွဲမှု များပြားလာခြင်းကြောင့် နိုင်ငံတစ်ဝန်း နှစ်စဥ်ကြုံတွေ့ နေရသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်များနှင့် သဘာဝဘေး အန္တရာယ်ကျရောက်နေမှုများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆိုသည့် ခေါင်းစဥ်အတိုင်း ကြွပ်ကြွပ်အိတ် သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းဖြစ်သည့် သတင်းစာ စက္ကူအိတ်၊ အသိပညာပေး လက်ကမ်းစာစောင်များကို စျေးဆိုင်ရှင်များအား ဝေငှပေးခဲ့ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်ထံမှ သိရသည်။
ထိုသို့ဝေငှပေးရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မစျေး တာဝန်ရှိသူများ ပူးပေါင်း၍ ကြွပ်ကြွပ်အိတ်အစားထိုး သတင်းစာစက္ကူအိတ်များ၊ ကြွပ်ကြွပ်အိတ် သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ “ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” စတစ်ကာများ ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)