မင်းဘူး မေ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ ဆုတောင်းပြည့်နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က အဆိုပါရိပ်သာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံကြိမ်းရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်နဂါးတစ်ထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏသီရိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုနှင့် ရတနာအုတ်မြစ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှအတမ်းများ ပေးဝေခဲ့ ကြသည်။
ဆက်လက်၍ စမတောင်နဂါးတစ်ထောင်ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆုတောင်းပြည့်နဂါရုံးဘုရား တည်ထားကိုးကွယ်မည့်နေရာသို့ ရတနာအုတ်မြစ်တော်များ ပင့်ဆောင်၍ မင်္ဂလာအချိန် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် ရတနာ အုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ကြပြီးနောက် မင်းဘူးမြို့ နမ္မဒါဘိုးဘွား ရိပ်သာဓမ္မာရုံ၌ ဆုတောင်းပြည့်နဂါးရုံဘုရားတည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချ ပြီးမြောက်အောင်မြင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ တည်ထားကိုးကွယ်မည့် ဆုတောင်းပြည့်နဂါးရုံ ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၅ ပေ ၃ လက်မ၊ လုံးပတ် ၁၅ ပေနှင့် ဘုရားပရဝုဏ် အကျယ်ပေ(၄၀) ပတ်လည်ရှိပြီး (၇)ရက်သားသမီးအများကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)