မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြို့သစ် မေ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံမှုအခြေအနေ၊ အခြေခံပညာကျောင်းများဖွင့်လှစ်ထားရှိမှု၊ အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် ဆရာ/ဆရာမများအနေဖြင့် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုကြရန်နှင့် ကျောင်းသားကျောင်းသူတိုင်း အခြေခံပညာအလယ်တန်းအဆင့် (Grade–9) သင်ယူပြီးမြောက်ရန်အတွက် ဆရာ၊ မိဘ၊ ကျောင်းသား ပူးပေါင်း၍ စည်းရုံးဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများအား နိုင်ငံတော်အစိုးရမှ ကျောင်းသားကျောင်းသူများအတွက် အခြေခံပညာအတန်းများ အလိုက်ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)