မြင်းမူ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြင်းမူမြို့ အမှတ်(၁) အခြေခံပညာမူလတန်း ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးမှ ကလေးအလုပ်သမားများ ကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ကလေးများအား ကလေးအလုပ်သမား ခိုင်းစေမှု အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး ဥပဒေအရ တရားဝင် အလုပ် လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေး အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံပေးရေးကိစ္စရပ်များကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)