ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များအား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ မတည်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့် မျိုးစပါးများ လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မြောင်းမြ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေ၊ ပေ ၁၀၀-၂၀၀ သုဒဿန တန်စောင်းတော်ကြီးတွင် ယမန်နေ့က မြောင်းမြခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ခြင်း၊ တောင်သူများအား မျိုးစပါးများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူများ၊  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် မိရိုးဖလာစိုက်နည်းအတိုင်းစိုက်နေရုံနဲ့ အထွက်နှုန်းတိုးမှာ မဟုတ်ကြောင်း၊ အထွက်နှုန်းတိုးရန် စိုက်ပျိုးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များ လိုအပ်ကြောင်း၊ စီမံကိန်းများကို လျာထားချက်အတိုင်း အောင်မြင်အောင်  လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိုးစပါး ၁ ဧကအထွက်နှုန်း ၁၀ တင်း တိုးထွက်ရန် လျာထားချက်အတိုင်း ထွက်ရှိရန် စိုက်နည်းစနစ်မှန်ကန်စွာနှင့် အထွက်နှုန်းတိုး မျိုးစပါးများဖြင့် စိုက်ပျိုးရန် လိုကြောင်း၊ ဆီရရှိပြီး ဆီ လုံလောက်ရန်အတွက် နေကြာကို မဖြစ်မနေ စိုက်ရမှာဖြစ်ကြောင်း၊ သဘာဝ မြေသြဇာအတွက် ပိုက်ဆံလျော်ကို ရာထားချက်အတိုင်း စိုက်ရမှာဖြစ်ကြောင်း၊  ဧရာဝတီတိုင်းသည် သဘာဝကပေးထားတဲ့ မြေကြီးနဲ့ ရေချိုများစွာ ရှိ၍ အကျိုးရှိစွာ အသုံးချရမှာ ဖြစ်ကြောင်း၊  စိုက်ပျိုးစရိတ်ချေးငွေများလည်း ပြန်ဆပ်ရမှာဖြစ်ကြောင်း ထည့်သွင်း မှာကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး နယူးဧရာကုမ္ပဏီ တာဝန်ရှိသူမှ စပ်မျိုးစပါး စိုက်ပျိုးနည်းများကို ဆွေးနွေးတင်ပြပါသည်။

ထို့နောက် ခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များ၏ တာဝန်ရှိသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ငွေများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း၊  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပါသည်။ ဆက်လက်ပြီး အလှူရှင်များက လှူဒါန်းသည့် အထွက်ကောင်းမျိုးစပါးများကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများနှင့်​ တောင်သူများအား ပေးအပ်လှူဒါန်းပါသည်။  

ထို့အပြင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြတ်မော်တင်စွန်း ဘက်စုံမွမ်းမံ ပြုပြင်ရန် အတွက် ချမ်းမြေ့ဆန်စက် ဦးကျော်စွာ ဒေါ်အေးစီ မိသားစုက ကျပ်သိန်း ၅၀ နှင့် နယူးဧရာ ကုမ္ပဏီမှ  ကျပ်သိန်း ၅၀ ကို အလှူရှင်များက ပေးအပ်လှူဒါန်းပါသည်။

အဆိုပါ အခမ်းအနားကို အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပထမပိုင်းအစီအစဉ် နံနက်ပိုင်းတွင် မြောင်းမြ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ငွေများ ထုတ်ပေးရခြင်းနှင့် မိုးစပါး ၁ ဧက ၁၀ တင်းနှုန်း ထွက်ရှိရေး မျိုးကောင်း မျိုးသန့်စပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခြင်း၊ နယူးဧရာကုမ္ပဏီ၊ မုန်းသီတာ ကုမ္ပဏီ၊ လောကနတ်မြန်မာဂရု ကုမ္ပဏီတို့က အထွက်တိုးမျိုးစပါးများ၊ စိုက်ပျိုးနည်းစနစ်များ၊ သဘာဝမြေသြဇာထည့်သွင်းရေး အကြောင်းများကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဧည့်သည်တော်များ၊  တောင်သူများကို နေ့လယ်စာ တည်ခင်းဧည့်ခံပြီး နေ့လယ် ၁:၀၀ နာရီတွင် ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ တောင်သူ ဦးတင်အောင်သန်း၊ ဆန်စက်ပိုင်ရှင် တောင်သူ ဦးကျော်စွာတို့က စပါးအထွက်နှုန်းတိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများကလည်း သိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ရောက်ရှိလာပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားခြင်း၊ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း၊ တောင်သူ များအား မျိုးစပါးများ ပေးအပ်လှူဒါန်းခြင်း၊ တောင်သူများမှ ပြန်လည် ဆွေးနွေးတင်ပြခြင်းများကို ပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည်သည်တော်များ၊ တောင်သူများ စုစုပေါင်း ၁၂၀၀ ဦး တက်ရောက်​ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(မြောင်းမြ)