ထားဝယ် မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက“ မြန်မာ့ကျောင်းသီချင်း” ဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ပညာရေးကဏ္ဍအား နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာအောင် မြှင့်တင် ဆောင်ရွက်ပေးရမှာ ဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား အားပေးဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည်ဆောင်ပုဒ်နှင့်အညီ အမျိုးသားပညာရည် မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူကြရမှာဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စ၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးများ ကျောင်း နေနိုင်အောင် ပညာသင်ယူနိုင်အောင်ပံ့ပိုးခြင်းဖြင့် ရင်ဆိုင် နေရသော အမျိုးမျိုးသော စိန်ခေါ်မှုများကို တုံ့ပြန်အနိုင်ယူရန် လူ့စွမ်းအားအရင်းအမြစ်များအား အစွမ်းကုန်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် အသိပညာ“Knowledge”ဖြစ်ကြောင်း၊ လူတိုင်း အကျုံးဝင်ပညာရေး ဖြစ်သော “Inclusive Education" အစီအစဉ်ဖြင့် ကိုယ်စိတ်ချို့တဲ့နေ့သည့် ကလေးများအား စိတ်ရှည်ရှည်ထားပြီး လူမှု အသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင် ပညာသင်ကြားပေးကြရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ကျောင်းသို့ရောက်ရှိပြီး ပညာသင်ယူခွင့်ရရှိရေး ကျောင်းထွက်နှုန်း မရှိစေဘဲ အတန်းစဉ်အလိုက် ကျောင်းနေမြဲရေးအတွက် “ကျောင်းနေရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နဲ့အညီ ထားဝယ်မြို့နယ် ပညာရေးဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘပြည်သူများ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရင်ဆိုင် ဖြေရှင်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မေသိန်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်နှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ ပေးအပ်ကာ ကျောင်းသား/သူများက အခမ်းအနားကို “ဇာတိမာန်သီချင်း" ဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)