ငဖဲ မေ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဓါတ်အားပြတ်တောက်မှုအကြိမ်ရေလျော့နည်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓါတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ငဖဲမြို့(၁၁)ကေဗွီဓါတ်အားလိုင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်တိုင်နှင့်လိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ငဖဲမြို့လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မန်နေဂျာ ဦးအောင်ကျော်မင်းက ဓါတ်တိုင်နှင့်လိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများအားပြောကြားပြီး မန်နေဂျာဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ၊ အနီးဝန်းကျင်ဓါတ်အားလိုင်းရရှိသွယ်တန်းထားသော ကျေးရွာများမှ ပြည်သူများပူးပေါင်း၍ ဓါတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ငဖဲ ၁၁ ကေဗွီ ဓါတ်အားလိုင်း အမှတ်(၁၄) ကာကွယ်ရေးပစ္စည်း စက်ရုံဝန်းအစပ်မှ Sectionalizer ထိ ၆ မိုင်ခွဲခန့်တစ်လျှောက်ရှိ ယိုင်နေသည့် ဓါတ်တိုင် ၂ တိုင်စင် ၁ တိုင်နှင့် ဓါတ်တိုင် ၇ တိုင်တို့ကို ပြန်လည်တည့်မတ်ပြီး လိုင်းကြိုးများတင်း၍ပြုပြင်ခြင်း၊ ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)