မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (ကုန်တင်ယာဉ်မောင်း)နှင့် ဆက်စပ်သူများကို Facility Quarntine ထားရှိ

မင်းဘူး အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (ကုန်တင် ယာဉ်မောင်း) နှင့် ဆက်စပ်သူ (၂၂)ဦးကို အောက်တိုဘာ ၆ ရက်နေ့ (ယမန်နေ့) ညပိုင်းမှစ၍ မင်းဘူးမြို့ အ.ထ.က (၂) ကျောင်းနှင့် ရွာသာကျေးရွာ အ.မ.က ကျောင်းတို့၌ Facility Quarntine ထားရှိကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်ကံက ပြောသည်။

မင်းဘူးမြို့တွင် အောက်တိုဘာ (၅) ရက်နေ့ ညနေပိုင်းက မင်းဘူးမြို့ မော်တော် ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၀) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို Antigen Test Kits ဖြင့် Swab များရယူစစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၃)ဦး တွေ့ရှိခဲ့သည်။

“ပိုးတွေ့ရှိသူ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်က (၃၉)နှစ်ယာဉ်မောင်းနဲ့ ဆက်စပ်သူ စုစုပေါင်းက (၂၂)ဦး ထိရှိပါတယ်၊ သူနဲ့ဆက်စပ်သူ (၅)ဦးကိုတော့ ရွာသာကျေးရွာ အ.မ.က ကျောင်းမှာထားတယ်၊ ကျန်တဲ့ (၁၇)ဦးကိုတော့ မင်းဘူးမြို့ အ.ထ.က (၂) ကျောင်းမှာထားရှိ ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ရှင်းလင်းပြောကြားသည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ဆက်စပ်သူများကို နှားခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab)များရယူ၍ ရန်ကုန် (NHL)သို့ ပေးပို့စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် ယနေ့အထိ ပိုးတွေ့လူနာ (၅)ဦး ထားရှိကာ ဆေးကုသ ပေးလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)