ရွှေကျင် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကာ စစ်ဗျူဟာ(အခြေချ)ရွှေကျင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဖုန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမင်းသူက ကလေးငယ်များ ပညာရေးနှောင့်နှေးမှုမရှိစေဘဲ ပညာသင်ကြားနိုင်စေရေး၊ နိုင်ငံတော်မှပညာရေးဆိုင်ရာထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်း အကြောင်းများကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဒေါ်တင်တင်ဦးက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းအပ်နှံရာတွင် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှပညာရေးဆိုင်ရာထောက်ပံ့ပစ္စည်းများနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းပေးသော ပညာရေးဆိုင်ရာထောက်ပံ့ပစ္စည်းများအား တာဝန်ရှိသူများကပေးအပ်ရာ ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ရွှေကျင်စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)