လက်ပံတန်း မေ ၂၉
တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကိုလျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းကို တောင်သူများလေ့လာသိရှိ သုံးစွဲတတ်လာစေရန်ရည်ရွယ်၍ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂွေးတောက်ကွင်း ကျေးရွာရှိ တောင်သူများကပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းလှိုင်နှင့် စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်နှင့်ဝန်ထမ်းများ၊ ဂွေးတောက်ကွင်းကျေးရွာမှ တောင်သူများက ဂွေးတောက်ကွင်းကျေးရွာ ကွင်းအမှတ်၊ ၁၁၅၈ တောင်သူ ဦးဇေယျာမျိုး၏ လယ်ယာမြေ၌ ဆောင်းသီနှံရိတ်သိမ်းပြီး မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာထက်သန်လာစေရေးနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲကို စုစုပေါင်း(၅)ဧက ဆောင်ရွက်ခဲ့သည်။
သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကို တောင်သူများ လေ့လာသိရှိနိုင်ခြင်း၊ ရေထိန်းစွမ်းအား ကောင်းမွန်လာခြင်း၊ မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ ရောဂါ၊ ပိုးမွှားဒဏ်ကာကွယ်ပေးခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျော့နည်းသက်သာလာခြင်း၊ သစ်စိမ်းမြေဩဇာကို ထယ်ထိုးမြေမြုပ်ကာ စိုက်ပျိုးထည့်သွင်းခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့ဖရပ်၊ ပိုတက်ရှ်နှင့် သစ်ဆွေးဓာတ်များ တိုးပွားလာစေခြင်း၊ ဆွေးမြေ့မှုမြန်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)